Saturday, January 25, 2025

စာဖတ်ခြင်း ဖြင့် မိမိဘဝကိုမြှင့်တင်ပါ


 

မင်္ဂလာပါ မြတ်လေးပန်း ( Educator YIOE ) Page မှကြိုဆိုပါတယ် 



            

စာဖတ်ခြင်း ဖြင့် မိမိဘဝကိုမြှင့်တင်ပါ


        
စာဖတ်ရာတွင် ပညာဗဟုသုတ တိုးပွားရန် နှင့် အတွေးအခေါ် ရင့်သန်စေရန်ဟူသော ရည်ရွယ်ချက် နှစ်မျိုးရှိသည်။ ပညာဗဟုသုတ မရှိလျှင် မိမိတို့၏ သက်ဆိုင်ရာလုပ်ငန်းကို တိုးတက်ကောင်းမွန်အောင် လုပ်နိုင်ဖို့ ခဲယဉ်းပေလိမ့်မည်။ စိတ်ကူးဉာဏ် အတွေးအခေါ် ရင့်သန်ခြင်း မရှိလျှင် လူ့လောက၌ တိုးတက်ရန်ခဲယဉ်းပေလိမ့်မည်။ ထိုကြောင့် လိမ္မာရေးခြား ဗဟုသုတ ကြွယ်ဝစေရန်အတွက် စာဖတ်ခြင်း အလေ့သည် အလွန်အရေးပါ အရာရောက်ပေသည်။ ယခုခေတ်၌ စာဖတ်ခြင်းကို အထောက်အပံ့ဖြစ်စေသော သတင်းစာဂျာနယ်မဂ္ဂဇင်းစာအုပ် ဟူသည်တို့သည် အမြောက်အမြား ထွက်ပေါ်လျက်ရှိပါသည်။

 စာဖတ်၍ ပညာဗဟုသုတ ကြွယ်ဝသောအခါ စာဖတ်သူသည် မိမိ၏စိတ်ကို မိမိ ဆုံးမပဲ့ပြင်လာတတ်၏။ အမှားအမှန်ကို ပိုင်းခြား ဝေဖန်လာတတ်၏။ နေ့စဉ်ကြုံတွေ့ရသော ပြဿနာတို့ကို ဖြေရှင်းနိုင်တတ်၏။ အတွေးအခေါ် ရင့်သန်လာသည် နှင့်အမျှ မိမိပြုမူ ပြောဆို လုပ်ကိုင်သော အကြောင်းအခြင်းရာတို့သည် လူ့လောကနှင့် ဝင်ဆံ့လာတတ်၏။ ဤအချက်ကို သိမြင်သော ခေတ်မှီနိုင်ငံတို့သည် လူတိုင်း စာဖတ်သော အလေ့အထ ပြန့်ပွားလာအောင် တိုက်တွန်း နှိုးဆော်ပေးကြ၏။ ထို့ကြောင့်လည်း နိုင်ငံတကာတွင် စာကြည့်တိုက်များ အဓွန့်ရှည်စွာတည်တံ့အောင် ထူထောင်ခြင်း အလုပ်ကို အလေးဂရုပြု၍ လုပ်ဆောင်ကြခြင်းဖြစ်၏။ 

စာဖတ်ခြင်းမှ အကျိုးများ ပြည့်ပြည့်ဝဝရရှိနိုင်ရန် စာဖတ်ရာတွင်   နည်းစနစ်ကျဖို့  လိုပေသည်။ ဦးစွာ၌ စာအုပ်ကောင်းများကို မိတ်ဆွေကောင်းအား ရွေးချယ်ရသကဲ့သို့ ရွေးချယ်ရပေလိမ့်မည်။ စာအုပ်များ၌ မိမိစိတ်ကို ဖြေဖျော်ပေးသည့် စာအုပ်ကတစ်မျိုး၊ မိမိအား ဉာဏ်ပညာ ဗဟုသုတ အတွေးအခေါ် ရင့်သန်အောင် သွန်သင်ပေးသည့် စာအုပ်က တစ်မျိုးဟူ၍ ရှိလေသည်။ အခါကာလ အားလျော်စွာ မိမိစိတ်ကြိုက်လည်းဖြစ်၍ မိမိအားလည်း အကျိုးတရား ပွားများစေသော စာအုပ်ကို ရွေးချယ်တတ်ရမည်။ 

စာဖတ်ခြင်းနည်းကို ပညာရှင် အမျိုးမျိုးတို့ ညွှန်ပြခဲ့ကြသည်တွင် ဂမ္ဘီသာရပျို့လာ၊ ရှင်မဟာရဋ္ဌသာရ၏ 'သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ၊ အက္ခရာစွဲသုံး၊ ဤရှစ်လုံးကို၊ သီကုံးပန်းသွင်၊ နေ့တိုင်းဆင် လော့၊ စာသင်ပျိုနု၊ အခြေပြုတို့'ဟူသော ဩဝါဒသည် တန်ဖိုးအရှိဆုံး ဖြစ်သည်ဟု ယူဆထိုက်ပေသည်။ ထိုအက္ခရာ ရှစ်လုံးမှာ အကျဉ်းပြသော ပါဠိစကားများ ဖြစ်သည်။ အဓိပ္ပာယ်မှာ−

  • သု သုဏေယျ (ကြားနာရာ၏။)

  • စိ စိန္တေယျ၊ (ကြံစည်ရာ၏။)

  • ပု ပုစ္ဆေယျ၊ (မေးမြန်းရာ၏။)

  • ဘာ ဘာသေယျ၊ (ပြောဆိုရာ၏။)

  • ဝိ ဝိစာရေယျ၊ (ဆင်ခြင်ရာ၏။)

  • လိ လိခေယျ၊ (ရေးသားရာ၏။)

  • သိ သိက္ခေယျ၊ (လေ့ကျင့်ရာ၏။)

  • ဓာ ဓာရေယျ၊ (နှုတ်ငုံဆောင်ရာ၏။) ဟူလေသည်။

ထိုအင်္ဂါရှစ်ပါးတို့မှာ စာဖတ်ခြင်း၏ အခြေခံဖြစ်ပါသည်။

စာအုပ်စာပေ ဖတ်မှတ်လေ့လာခြင်း အလေ့အထမှာ လူသားတို့ပြုမူလေ့ရှိသည့်  အလေ့အထများအနက် လွန်စွာ အကျိုးကျေးဇူး ကြီးမားလှသည့် အလေ့အထဖြစ်သည်။ စာဖတ်ခြင်းမှရရှိသော အကျိုးကျေးဇူးများကို မှတ်သားခဲ့မိသမျှများစွာရှိခဲ့သည့်အနက် ဦးနှောက်ဖွံ့ဖြိုးစေရန်စာဖတ်ခြင်း၊ လောကဓံကို ခံနိုင်ရည်ရှိစေရန် စာဖတ်ခြင်း၊ လူတော်လူကောင်းဖြစ်စေရန် စာဖတ်ခြင်း၊ ကိုယ်ချင်းစာစိတ်ရှိစေရန်စာဖတ်ခြင်း၊ အာရုံစူးစိုက်မှု တိုးတက်စေရန် စာဖတ်ခြင်းဟူသည်တို့လည်း အပါအဝင်ဖြစ်သည်။  

မိမိတို့တွင်လိုအပ်နေသောကိုယ်ရည်ကိုယ်သွေးတို့ကို စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့်သာ ဖြည့်ဆည်းမြှင့်တင်နိုင်ပေသည်။ ထို့ကြောင့် အောင်မြင်တိုးတက်မှုကို ရယူပိုင်ဆိုင်လိုသူတိုင်း စာဖတ်ခြင်းအလေ့အထကို မဖြစ်မနေအချိန်ယူ လုပ်ဆောင်သင့်ပေသည်။ မိမိတို့နိုင်ငံသည် ကိုယ်ပိုင်စာပေနှင့်ယဉ်ကျေးမှု အရာ၌ အဆင့်အတန်း ရှိရှိဂုဏ်သိက္ခာ မြင့်မားခဲ့ကြသည်။ ထို့ကြောင့် လည်း မိမိတို့နိုင်ငံသားများ၏ လူ့အသိုက်အဝန်း၌ အထက်တွင်ဆိုခဲ့သော   ပညာရွှေအိုးလူမခိုး၊ အလိမ္မာ စာမှာရှိ၊ စာအုပ်စာပေ  လူ့မိတ်ဆွေ၊ ပညာရှာ ပမာသူဖုန်းစား ဟူသော အဆိုစကားရပ်တို့ ထွန်းကားခဲ့ခြင်းပင် ဖြစ်သည်။  စာတတ်ပြီး စာမဖတ်ကြသူများကို မျက်လုံးတစ်ဖက်ကန်းနေသူ သို့မဟုတ် အမြင်ေ၀ဝါးနေသူအဖြစ် တင်စားတတ်ကြသည်။ စာဖတ်ခြင်းဖြင့် သိမ်ငယ်နေသောစိတ်ထားကို မြှင့်တင်ပေးနိုင်သလို ပျောက်ဆုံး ေ၀ဝါးနေသော အသိဉာဏ်တို့ကိုလည်း ပိုင်ဆိုင်ရရှိစေနိုင်သည်။ ယင်းအပြင် ပျော်ရွှင်ဖွယ်ကောင်းသော၊ ငြိမ်းချမ်းမှုအနှစ်သာရပြည့်ဝသော လူ့အသိုက်အဝန်းတစ်ရပ်ကို ဖန်တီးသည့်ခွန်အားများကိုလည်း စာပေကဖန်တီးနိုင်စွမ်း ရှိသည်တတ်သိပညာ ဟူသည်မှာသင်ယူ၍ ကုန်သွားရိုးထုံးစံ မရှိသဖြင့် မိမိတို့သက်တမ်းနှင့်အမျှ  သင့်လျော်ရာစာပေတစ်မျိုးမျိုးကို ဖတ်ရှုလေ့လာ သင့်ကြပေသည်။  စာဖတ်ရာ၌ စာပေဝန်းကျင်မှ ညစ်ညမ်းသော၊ အဆိပ်အတောက်ရှိသော စာအုပ်စာပေများကို ငါးဟင်းစားလျှင် အရိုးကိုပစ်ပယ်ရသကဲ့သို့ ညစ်ညမ်းသော၊ အဆိပ်အတောက်ရှိသော စာအုပ် စာပေများကို ဖယ်ရှားဖတ်ရှုကြရမည်ဖြစ်သည်။  ပညာတတ်ခြင်း၊ အတွေးအခေါ်ချင်း တူနေလျှင်ပင် စာဖတ်သူကစေ့စပ်မှု၊ နည်းစနစ်နှင့် ဇွဲလုံ့လတို့သာလွန်ဖြင့်  အောင်မြင်မှုခြင်းလည်း ကွာခြားကြရသည်။ ချမ်းသာကြွယ်ဝမှုချင်းတူလျှင်လည်း စာဖတ်သူကစိတ်ရင်းစေတနာနှင့် ကိုယ်ချင်းစာစိတ်တို့ သာလွန်သဖြင့် ဂုဏ်သိက္ခာထည်ဝါမှုနှင့် လူ့အနှစ်သာရအဆင့်အတန်းချင်း ကွဲပြားခြားနားကြသည်။ ထို့ကြောင့်ပင်  စာမဖတ်သူနှင့် စာဖတ်သူတို့၏ ကံအကျိုးပေးချင်းလည်း တူညီနိုင်ကြမည်မဟုတ်သည်ကို ဆင်ခြင်သိမြင်သင့်ပါသည်။  ယနေ့ခေတ်တွင်မူ စာဖတ်ခြင်းကို အခြေပြုသည့် တတ်သိပညာနယ်ပယ်မှာ နယ်ပယ်ကဏ္ဍစုံ၌ အရှိန် အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။ အသိပညာအား ထုတ်လုပ်သူအရင်းအမြစ် တစ်ရပ်အဖြစ် အသုံးချကာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးစသည့် နယ်ပယ်အသီးသီးတို့အတွက် ထိရောက်အောင်မြင်စွာ အသုံးချလျက် ရှိနေပြီဖြစ်သည်။ မိမိတို့ဘဝ တိုးတက် မြင့်မားရေးအတွက် စဉ်ဆက်မပြတ် လေ့လာသင်ယူမှုကို စာဖတ်ခြင်းဖြင့် ထိရောက်စွာ အထောက်အကူပေးနိုင်ပါသည်။ လူသားအားလုံး ငယ်ရွယ်စဉ် ကျောင်းသား ဘဝ၌ပင် စာဖတ်ခြင်းအလေ့အထ ပြုစုပျိုးထောင် ထားခြင်းဖြင့် ကျွန်မတို့၏အနာဂတ်ကို လှပစေနိုင်မည် ဖြစ်ပါသည်။    


 မြတ်လေးပန်း


ဥတုဖောက်ပြန် သဘာ၀ဘေးရန် ရှေးဦးပြုစုခြင်းဖြင့်တို့တုံ့ပြန်

            တစ်ချိန်က ကျွန်ုပ်တို့ကမ္ဘာမြေ၏ရင်ခွင်သည် ဥတုသုံးပါး၏ သဟဇာတဖြစ်သော သံစဉ်တို့ဖြင့် သာယာငြိမ့်ငြောင်းခဲ့ဖူးသည်။သို့သော် ယနေ့အခါ ...