တစ်ချိန်က ကျွန်ုပ်တို့ကမ္ဘာမြေ၏ရင်ခွင်သည်
ဥတုသုံးပါး၏ သဟဇာတဖြစ်သော သံစဉ်တို့ဖြင့် သာယာငြိမ့်ငြောင်းခဲ့ဖူးသည်။သို့သော် ယနေ့အခါ
ထိုသံစဉ်တို့၏ တီးလုံးများမှာ ကြမ်းတမ်းခက်ထန် မုန်းမာန်တင်းတင်း အငြိုးကြီးလျှက် ဖောက်ပြန်
ပြောင်းလဲလျက်ရှိ သည်။ထိုအခါ ကြောက်မက်ဖွယ် သဘာဝဘေးရန်တို့သည် မဖိတ်ခေါ် ဘဲရောက် လာကြ
သည်။၎င်းတို့ကို မည်သို့တုံ့ပြန် ဖြေရှင်းမည်နည်း။ ဤသည်ကား လူသားတိုင်း၏ လက်ထဲတွင်ရှိသော၊
အသက်တစ်ချောင်းကို ကယ်တင်နိုင်စွမ်းရှိသော “ရှေးဦးပြုစုခြင်း”
ဟူသည့် အတတ်ပညာပင် ဖြစ်ပါသည်။
ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာကြီးသည်
တစ်ချိန်က နွေမိုးဆောင်းတို့၏ အေးမြစိုပြေမှု တို့ဖြင့် ပန်းချီဆရာ၏ စုတ်ချက်များနှယ်
ညီညာလှပစွာ ရောင်စုံခြယ်ခဲ့ကြသည်။ သို့သော် ယနေ့ခေတ်တွင်မှု စက်မှုလုပ်ငန်းများ၏ အရှိန်အဟုန်ဖြင့်
တိုးတက်လာမှု၊ လူသားတို့၏ သဘာဝပတ်ဝန်းကျင်အပေါ် အလေးမထားမှုကြောင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု
ဖြစ်စဉ်သည် တစ်နေ့တစ်ခြား ပိုမို ဆိုးရွားလာခဲ့ပြီဖြစ်သည်။ ကောင်းကင်သည် အကြောင်းမဲ့ ဒေါသထွက်တတ်လာပြီး၊မြေကြီးသည်
အချိန်အခါမဲ့ သက်ပြင်းချ တတ်လာသည်။ ထို့ကြောင့် ဆိုင်ကလုန်းမုန်တိုင်းများ၊ ရေကြီးရေလျှံမှုများ၊
တောမီး လောင်မှုများ၊ မိုးခေါင်ရေရှားမှုများ၊ ငလျင်ဘေးများစသည့် သဘာဝဘေးအန္တရာယ်များ
ဖြစ်ပေါ်လာသည်။ ၎င်းသည် ကမ္ဘာ မြေကြီး၏ ဖျားနာမှု၊ ဝေဒနာကို ဖော်ပြသည့် လက္ခဏာတစ်ခုပင်ဖြစ်သည်။
ကမ္ဘာတစ်ဝန်းတွင် ရာသီဥတုပြောင်းလဲမှုဒဏ်ကို
ဆိုးရွားစွာခံစားရလျက်ရှိရာ အခြားသော နိုင်ငံများကဲ့သို့ပင် မြန်မာနိုင်ငံသည်လည်း ရာသီဥတု
ဖောက်ပြန်ပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များကို နှစ်စဉ်နှစ်တိုင်း ရင်ဆိုင်ကြုံတွေ့နေရပါသည်။
ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသသည် နာဂစ်မုန်တိုင်း၏ ရက်စက်မှုကို မမေ့နိုင်သကဲ့သို့ တောင်တန်း
ဒေသသည် မြေပြိုမှု၏အန္တရာယ်၊အလယ်ပိုင်းဒေသတွင်မူ မိုးခေါင်ရေရှားမှု၏ဒဏ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်
မန္တလေးတိုင်းဒေသကြီးတို့တွင် စစ်ကိုင်းပြတ်ရွေ့ကြော၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရသည်။
ဤဖြစ်ရပ်များသည် သဘာဝတရားက ကျွန်ုပ်တို့၏ လုပ်ရပ်ကို ပြန်လည် သုံးသပ်ရန် သတိပေးနေသည့်ခေါင်းလောင်းသံများဖြစ်သည်။
သဘာဝဘေးအန္တရာယ်ဟူသည် လူသားတို့၏
အားထုတ်မှုမပါဘဲ သဘာဝတရားအရ မမျှော်လင့်ဘဲ ရုတ်တရက် ကျရောက်လာတတ်သည့် ဘေးအန္တရာယ်ဖြစ်သည်။
သို့ဖြစ်ရာ ကျွန်ုပ်တို့လူသားများအဖို့ ၎င်းကို တားဆီးနိုင်စွမ်းမရှိချေ။ ၎င်းတို့
ရောက်မလာမီ ကြိုတင်ပြင်ဆင်ရန်နှင့် ရောက်ရှိလာပါက ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်နိုင်ရန်
တုံ့ပြန် နိုင်ရေးသည် ကျွန်ုပ်တို့အားလုံး၏တာဝန်ပင်ဖြစ်သည်။
သဘာဝဘေးအန္တရာယ်တစ်ခုကျရောက်ပြီးသည့်အခါ
ပထမဆုံးရင်ဆိုင်ရမည့် အခက်အခဲ များမှာ ဒဏ်ရာရရှိသူများကို အမြန်ဆုံးကယ်တင်ကုသရန် ဖြစ်သည်။
ထိုအချိန်တွင် (Golden Hours)သည် အသက်ရှင်သန်ခြင်း နှင့် သေခြင်းကို
ဆုံးဖြတ်ပေးသော အချိန်များဖြစ်သည်၊၊ထိုအချိန်တွင် ဆေးရုံ၊ဆေးခန်းသို့ ချက်ချင်းရောက်ရှိရန်
မလွယ်ကူခြင်း၊ လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်နိုင်ခြင်း၊ ဘေးသင့်သူအရေအတွက် များပျားခြင်း
ကြောင့် အကူအညီပေးရန် အင်အားမလုံလောက်ခြင်း
စသည်တို့ကြုံနိုင်သည်။ဤသို့သော အရေးပေါ်အခြေအနေတွင် ကျွန်ုပ်တို့ လက်တစ်ကမ်းတွင်ရှိနေသောအဖိုးတန်
ဆုံးအရာမှာ ''ရှေးဦးပြုစုခြင်း" ဟူသောလက်နက် ပင်ဖြစ်ပါသည်။
ရှေးဦးပြုစုခြင်းသည် လူသားချင်းစာနာထောက်ထားသောလုပ်ဆောင်ချက်ဖြစ်ပြီး
ထိခိုက်ဒဏ်ရာရသူ (သို့) ရုတ်ချည်း နာမကျန်းဖြစ်သောသူကို နီးစပ်ရာ ဆေးရုံ၊ ဆေးပေးခန်း
သို့မရောက်မီ စောလျင်စွာ စနစ်တကျ ချက်ချင်းကူညီပြုစု ဆောင်ရွက်ခြင်းဖြစ်သည်။ ယင်းပြုစုခြင်းတွင်
ရုပ်ပိုင်းဆိုင်ရာ ပြုစုခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်းတို့ ပါဝင်သည်။
ရေနစ်နေသောသူ၊ သတိမေ့မြောနေသောသူ၊ သွေးထွက်နေသောသူ တို့ကို ရှေးဦးပြုစုခြင်းနည်းဖြင့်
ကယ်တင်နိုင်သည်။ ရှေးဦးပြုစုခြင်းသည် ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာ များကို ပြုစုခြင်းသာမက
ဘေးအန္တရာယ်ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို နှစ်သိမ့်ပေးခြင်းဖြစ်သည့်"စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း
(Psychological First Aid)" သည် လည်းအလွန်အရေးကြီးသည်။
အဘယ်ကြောင့်ဆိုသော်
"စိတ်ထောင်းကိုယ်ကြေ" ဟူသည့် ဆိုရိုးရှိရာ ခွန်အားဟူသည် ခန္ဓာကိုယ်ထဲတွင်
မရှိနိုင်ဘဲ ကျွန်ုပ်တို့၏စိတ်နှလုံးသားထဲတွင်သာ
ရှိနိုင်သည့် အရာဖြစ်သောကြောင့် ကျန်းမာသော ခန္ဓာကိုယ်နှင့်ကြံ့ခိုင်သော စိတ်ဓာတ်ကိုမွေးမြူပေးသင့်သောကြောင့်ဖြစ်သည်။
သဘာ၀ဘေးကြောင့် စိတ်ပိုင်းဆိုင်ရာ ခံစားနေရသူတစ်ဦးကို ထပ်တူခံစား နားလည်းပေးပြီး လိုအပ်သောစိတ်ပိုင်းဆိုင်ရာ
အားပေး ထောက်ပံ့မှုကို ပြုလုပ်ပေးသင့်ပါသည်။ဤသို့ဖြင့် ရှေးဦးပြုစုခြင်းနည်းသည် လူပေါင်းများ
စွာ၏ အသက်ကိုကယ်တင်နိုင်ပြီး သဘာဝဘေးအန္တရာယ်၏ ရှေ့မှောက်တွင် ကျွန်ုပ်တို့ ပြည်သူများအတွက်
အခိုင်မာဆုံးသော သံမဏိဒိုင်းကာ တစ်ခုဖြစ်သည်ဟုဆိုရပါမည်။
ရှေးဦးပြုစုခြင်းလုပ်ငန်းစဉ်ကို
ပြောဆိုရာ၌ လူသားချင်းစာနာမှု၏ပြယုဂ်ဖြစ်သော နိုင်ငံတကာကြက်ခြေနီအဖွဲ့ကြီး၏ အခန်းကဏ္ဍကိုချန်လှပ်ထား၍
မရပါ။ လူသားချင်း စာနာမှု၊ဘက်မလိုက်မှု၊ကြားနေမှု အစရှိသော အခြေခံမူကြီး (၇)ရပ်ပေါ်တွင်
တည်ဆောက် ထားသည့် ကြက်ခြေနီစိတ်ဓာတ်သည် ကိုယ်ချင်းစာမှုကိုမီးမောင်းထိုးပြနေသည်။ကြက်ခြေနီ
စေတနာ့ဝန်ထမ်းများသည် ဒုက္ခသည်များကို ကျောသားရင်သားမခွဲခြားဘဲ မိမိတို့ တတ်ကျွမ်းသည့်
ရှေးဦးပြုစုခြင်း အတတ်ပညာဖြင့် ဒုက္ခသည်တို့၏ သွေးနှင့်မျက်ရည်တို့ကို သုတ်ပေးသည့်
သူရဲကောင်းများဖြစ်ကြပါသည်။ ၎င်းတို့သည် လူမှုကယ်ဆယ်ရေးလုပ်ငန်း များကိုသာမက ပြန်လည်နေရာချရေးကိုပါ
ကူညီလုပ်ဆောင်လျက်ရှိပါသည်။
ဘေးအန္တရာယ်များကြောင့် မိသားစုနှင့်
အဆက်အသွယ်ပြတ် သွားသူများအတွက် မိသားစု ပြန်လည်ဆက်သွယ်ပေးရေးလုပ်ငန်း (Restoring
Family Links-RSL) အစီအစဉ်များကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ
လုပ်ဆောင်လျက် ရှိပါသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည်လည်း ပျောက်ဆုံးနေသော မိသားစုဝင်များကို
ရှာဖွေနိုင် ရန် ပြည်တွင်းပြည်ပ သက်ဆိုင်ရာကြက်ခြေနီအသင်းများနှင့် ဆက်သွယ်ဆောင်ရွက်ကာ
ကူညီပေးလျက်ရှိပါသည်။ထို့အပြင် သဘာဝဘေးကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေသော ဒုက္ခသည် များအတွက်
နေရာထိုင်ခင်းများကို အစိုးရ၊ရပ်ရွာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စီစဉ်ပေး လျက်ရှိပါသည်။
မြန်မာနိုင်ငံတွင် (၁၉၇၂)
ခုနှစ်ကတည်းက ကြက်ခြေနီအသင်း၏ ကျောရိုးမဏ္ဍိုင် ဖြစ်သည့် ရှေးဦးပြုစုခြင်းဝန်ဆောင်မှု
ကိုစိန့်ဂျွန်းသူနာပြုဝန်ဆောင်မှုအဖြစ် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက စတင်အကောင်ထည်ဖော်ခဲ့သည်။
ရှေးဦးပြုစုခြင်းသင်တန်းသည် ယခင်က စစ်နှင့်ပဋိပက္ခကြောင့်ဒဏ်ရာရသူများကို အခြေခံ၍ ပို့ချသည့်စနစ်မှသည် ယခုအခါတွင်
ပြောင်းလဲလာသောလူနေမှု စနစ်ကြောင့် ဘေးအန္တရာယ်များကို ပိုမိုရင်ဆိုင်ဖြေရှင်းလာသည်။
မြန်မာနိုင်ငံတွင် ယခု(၂ဝ၂၅) ခုနှစ်၊မတ်လ၊(၂၈)ရက် နေ့လည် (၁၂)နာရီ(၅၀)မိနစ်ခန့်တွင်
လှုပ်ခတ်ခဲ့သည့် ပြင်းအား (၇.၇)ရှိသည့် ငလျင်ဘေးကြောင့် လူပေါင်းများစွာ ဒုက္ခသည်ဖြစ်ခဲ့ရသည်။ထို့ကဲ့သို့သော
ဒုက္ခသည်များကို ကြက်ခြေနီ စေတနာ့ဝန်ထမ်းများက ရှေးဦးပြုစုခြင်းဖြင့် စိတ်ရောကိုယ်ပါ
စောင့်ရှောက်မှုများကို ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။
သဘာဝဘေးရန် ပြန်လည်တုံ့ပြန်ရန်
အကောင်းဆုံးလက်နက်သည် ရှေးဦးသူနာပြုစုနည်းပင်ဖြစ်ပါသည်။ထို့ကြောင့် လူသားတိုင်းသည်
ရှေးဦးသူနာပြု အတတ်ပညာရပ်များကို သင်ယူတတ်မြောက်ထားရန်လိုအပ်ပါသည်။ထို့မှသာ ဥတုဖောက်ပြန်မှုကြောင့် ရင်ဆိုင်ကြုံတွေ့လာရမည့်
သဘာဝဘေးရန်ကို ခုံခံ တုံပြန်နိူင်ပြီး မိမိနှင့်မိမိပတ်ဝန်းကျင်ရှိ လူသားအားလုံးကို
သဘာဝဘေးရန်မှ ကယ်တင်နိူင်မည် ဖြစ်ပါ သည်။
ထို့ကြောင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်
လခြမ်းနီအသင်းများ ဖက်ဒရယ်ရေးရှင်းကြီးက ရှေးဦးပြုစုခြင်းအသိပညာများမြှင့်တင်ရန် ရည်ရွယ်၍
၂၀၀၀ပြည့်နှစ်ကစတင်ကာ နှစ်စဉ် စက်တင်ဘာလ ဒုတိယအပတ် စနေနေ့တိုင်းတွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့”
ကို သတ်မှတ်ကျင်းပခဲ့သည်။ မြန်မာနိုင်ငံတွင် (၂၀၀၃) ခုနှစ်မှ စတင်ကျင်းပလာရာ
ယခုနှစ်တွင်(၂၃)ကြိမ်မြောက်သို့ ရောက်ရှိလာပြီ ဖြစ်ပါသည်။ နှစ်စဉ်နှစ်တိုင်း အထိမ်းအမှတ်ပွဲများ
ကျင်းပသကဲ့သို့ အမြို့မြို့အနယ်နယ်တွင်လည်း ရှေးဦးပြုစုခြင်းပညာရပ်ကို တစ်အိမ်တစ်ယောက်
တတ်မြောက်ရမည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် သင်တန်းများ ဖွင့်လှစ်လျက်ရှိပါသည်။
ဥတုဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်လာသော
သဘာဝဘေးအန္တရာယ်များ၏ စိန်ခေါ်မှု ကို ရင်ဆိုင်ရန်အကောင်းဆုံးတုံ့ပြန်မှုမှာ အစိုးရနှင့်အဖွဲ့အစည်းများ၏ဆောင်ရွက်မှုကို
စောင့်မျှော်ခြင်းမဟုတ်ဘဲ ပြည်သူတစ်ဦးချင်းစီက ရှေးဦးပြုစုခြင်း အတတ်ပညာကို တတ်မြောက်ထားရန်ပင်ဖြစ်သည်။
ထို့ကြောင့် ကျောင်းပြင်ပသင်တန်းများသာမက အခြေခံ ပညာအဆင့် စနစ်သစ်ပညာရေး၏ဘ၀တွက်တာကျွမ်းကျင်စရာနှင့်
ကာယပညာဘာသာရပ် သင်ရိုးတို့တွင် သဘာ၀နှင့်လိုက်လျောညီထွေနေတတ်ခြင်းနယ်ပယ်နှင့် ရှေးဦးပြုစုခြင်း
အတတ်ပညာတို့ကို ထည့်သွင်းရေးဆွဲထားသည်။ "နှမ်းတစ်စေ့ဖြင့် ဆီမဖြစ်နိုင်"
သော်လည်း အိမ်တိုင်းတွင် ရှေးဦးပြုစုသူတစ်ဦးမှသည် ရပ်ကွက်တိုင်းတွင် ရှေးဦးပြုစုသူ
များစွာရှိနေပါက မမျှော်လင့်ဘဲ ကျရောက်လာမည့် ဘေးအန္တရာယ်များကို ပိုမိုကြံ့ခိုင်စွာ
ရင်ဆိုင်နိုင်မည် ဖြစ်သည်။ လက်တိုင်းသည်ကယ်တင်နိုင်သောလက်များ ဖြစ်လာသည့်အခါ၊ နှလုံးသားတိုင်း
သည် စာနာမှုတရားဖြင့် ပြည့်ဝနေသောအခါ မည်သည့်ဘေးအန္တရာယ် ကျရောက်စေကာမူ ကျွန်ုပ်တို့၏
တုံ့ပြန်မှုများသည် လူအများ၏ဘေးကင်းလုံခြုံမှုကို ဖော်ဆောင်ပေးနိုင်ပါမည်။